International News

အီးယူ-အမေရိကန် ကုန်သွယ်မှုဆက်ဆံရေးတိုးမြှင့်နိုင်မည့် အရှိန်အဟုန်ရှိနေကြောင်း ဥရောပ ကော်မရှင်ဥက္ကဌ ပြောကြားခဲ့

Last Updated:

အမေရိကန်နိုင်ငံနှင့် အီးယူ၏ ကုန်သွယ်မှုဆက်ဆံရေးတိုးတက်လာနိုင်မည့် အရှိန်အဟုန် ရှိနေသည်ဟု ဥရောပကော်မရှင်ဥက္ကဌဖြစ်သူ Ursula von der Leyen က ၅-၃-၂၀၂၀ နေ့က Business Europe Summit တွင် ပြောကြားခဲ့ကြောင်းသိရပါသည်။ သို့ရာတွင် ၎င်းအနေဖြင့် အခွန်နှုန်းထားများ ထပ်မံကောက်ခံမှုကို ရှောင်လွှဲ နိုင်ရန်အတွက် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ် ထရမ့်ထံသို့ ကုန်သွယ်ရေးဆိုင်ရာ ကမ်းလှမ်းချက်ကို မည်သည့်အချိန်တွင် ပြုလုပ်သွားမည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း၊ ဥရောပကော်မရှင်ဥက္ကဌက ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်မြို့၌ပြုလုပ်ခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် သူမတို့အကြား တွေ့ဆုံခဲ့မှုကို ပြန်လည်ရည်ညွှန်းပြောကြားခဲ့ကြောင်း၊ အီးယူဘက်မှ ကုန်သွယ်မှုဆိုင်ရာ ကမ်းလှမ်းမှုသည် ကုန်သွယ်မှု၊ စွမ်းအင်နှင့် နည်းပညာကဏ္ဍများတွင် အီးယူ-အမေရိကန်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို တိုးတက်စေမည်ဖြစ်သော်လည်း သူမအနေဖြင့် အမေရိကန်နိုင်ငံသို့ သွားရောက်ဆွေးနွေးမည့် အချိန်ကာလနှင့် ဆွေးနွေးမှုတွင် ပါဝင်မည့် အသေး စိတ်အချက်များကို သေချာစွာမသိရသေးကြောင်း၊ မည်သည့်ကုန်သွယ်မှု သဘော တူညီချက်ဖြစ်စေ ညီမျှ၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့စည်းမျဉ်းများနှင့်ကိုက်ညီမှုရှိရေးနှင့် အီးယူ၏လုပ်ပိုင်ခွင့်များနှင့်အညီ ဖြစ်စေရန်ကိုလည်း ၎င်းကပြောကြားခဲ့ ကြောင်းသိရှိရပါသည်။

အီးယူနှင့်အမေရိကန်နိုင်ငံတို့အကြား ကုန်သွယ်ရေးဆွေးနွေးမှုတွင် စက်မှုကုန်စည်များအတွက် အခွန်များဖယ်ရှားရေး၊ အချို့ကုန်စည်များအတွက် မဖြစ်မနေကျော် ဖြတ်ရသည့် ကိုက်ညီမှုအကဲဖြတ်ခြင်းလုပ်ငန်းစဉ်များ အပါအဝင်လုပ်ထုံးလုပ်နည်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများ လျော့ပါးစေရေးတို့ကို အဆိုပြုသွားဖွယ်ရှိကြောင်း၊ အီးယူ-အမေရိကန်ကုန်သွယ်မှုဆွေးနွေးပွဲများတွင် လယ်ယာ စိုက်ပျိုးရေးကဏ္ဍပါဝင်ရေးသည် အငြင်းပွားမှုအများဆုံးကိစ္စများအနက် တစ်ခုအဖြစ် ဆက်လက်ရှိ နေမည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံဘက်မှ အီးယူနှင့် စိုက်ပျိုးရေးထွက်ကုန်အပြန်အလှန် ကုန်သွယ်မှုတွင် ယူရို (၁၂) ဘီလီယံခန့်အထိ လိုငွေပြနေမှုကို လျှော့ချ လိုနေပြီး၊ အီးယူဘက်အနေဖြင့် ပြီးခဲ့သည့်နှစ်အတွင်းက ၎င်းတို့၏ ကုန်သွယ်မှုဆွေးနွေးညှိနှိုင်းခြင်းအခွင့်အာဏာတွင် စိုက်ပျိုးရေးကဏ္ဍကို ချန်လှပ်ခဲ့ခြင်းဖြစ် ကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်အချို့ တင်ပို့မှုလွယ်ကူ ချောမွေ့စေရေးအတွက် အပင်နှင့်တိရိစ္ဆာန်ကျန်းမာရေး (SPS) ဆိုင်ရာ လုပ်ထုံးလုပ်နည်း အတားအဆီး များကို ဖယ်ရှားပေးရေးသည် အဓိကကိစ္စရပ်များအနက်တစ်ခုဖြစ်လာနိုင်ကြောင်း၊ သို့ရာတွင် ဥရောပကော်မရှင်နှင့် အီးယူအဖွဲ့ဝင်နိုင်ငံများက အငြင်းပွားဖွယ် ကုန် စည်များကို ထည့်သွင်းသုံးသပ်လိမ့်မည်မဟုတ်ကြောင်းကို အီးယူ၏ ကုန်သွယ်ရေးကော်မရှင်နာဖြစ်သူ Phil Hogan က ဖေဖော်ဝါရီလအတွင်းက သတင်းထောက် များကိုပြောကြားခဲ့ကြောင်း သိရပါသည်။

ကုန်သွယ်ရေးကော်မရှင်နာ Phil Hogan သည် ၁၇-၃-၂၀၂၀ နေ့တွင် အမေရိကန်နိုင်ငံ၊ Georgetown တက္ကသိုလ်၌ အီးယူ၏ ဦးစားပေးလုပ်ငန်းစဉ်တစ်ခုဖြစ်သည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ပြုပြင်ပြောင်းလဲရေးနှင့်စပ်လျဉ်း၍ မိန့်ခွန်းတစ်ရပ်ပြောကြားရန်အတွက် ၎င်း၏ တတိယအကြိမ်မြောက် အမေရိကန်နိုင်ငံသို့ ခရီးစဉ် သွားရောက်မည်ဖြစ်ပြီး၊ ကနေဒါနိုင်ငံသို့ ဆက်လက် သွားရောက် ၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် (၁၃) နိုင်ငံနှင့် ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း၊ Airbus လေယာဉ်ဆိုင်ရာအမှုကိစ္စရပ်နှင့်ပတ်သက်၍ ဥရောပ၏လေယာဉ်ဆိုင်ရာထုတ်ကုန်များ (Aircraft Products) အပေါ် အခွန်နှုန်းထားအား ၁၀ % မှ ၁၅ % သို့ တိုးမြှင့်မည့် ၁၈-၃-၂၀၂၀ နေ့တွင် အမေရိကန်နိုင်ငံနှင့် အီးယူအကြား သဘောတူညီချက်ရရှိရန် အခွင့်အလမ်းရှိနေသည်ဟု ကုန်သွယ်ရေးကော်မရှင်နာ Phil Hogan က ပြောကြားခဲ့ကြောင်းလည်း သိရပါသည်။ အီးယူဘက်မှ အကောင်းမြင်မှုရှိနေသော်လည်း ကုန်သွယ်ရေးကော်မရှင်နာ Phil Hogan ၏ အမေရိကန်နိုင်ငံ ခရီးစဉ် အတွင်း mini-trade package ကို အပြီးသတ်ဆောင်ရွက်နိုင်ဖွယ်မရှိကြောင်း အီးယူရှိ သတင်းရင်းမြစ်များက ဖော်ပြကြကြောင်း euractiv ၏ ၅-၃-၂၀၂၀ နေ့တွင် သတင်းဖော်ပြထားမှုအရ သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

ရင်းမြစ် -   (https://www.euractiv.com)

Category: International News